Friday, November 23, 2007

မိသားစု

အလွမ်းအိမ် တစ်ယောက်လဲ အမြဲတမ်း ပျော်မနေ နိုင်ပါဘူး။ ခုတစ်လော အိမ်မှာ စားလိုက် သောက်လိုက် နဲ.ဇိမ်ကျလှပြီ မှတ်တာ။ အခုတော့ အဝေးကြီးလို. ထင်ထားခဲ့ တဲ့နေ.က ရောက်တော့မယ်။ အာဖရိက ကိုစွန်.လို. ရေကြည်ရာ မြက်နုရာ ကိုသွားရပြန်ဦး တော့မယ်။ အမေ နဲ. ၁၀တန်း ဘော်ဒါ တက်တုန်းကပဲ ခဏခွဲဘူး တာကလား။ အဲဒါတောင် အမေက လာတွေ.တာရယ် တန်ဆောင်တိုင် အိမ်ပြန်ရတာ တွေရယ်ရှိသေးတယ်။ ပြီးတော့ မောင်လေး။ မောင်လေးနဲ. ကျွန်မဟာ ခွဲထားလို. သိပ်မရပါဘူး။ ၄နှစ်ကွာတယ် ဆိုပေမဲ့ ဘာလုပ်လုပ် အတူတူလုပ် တာပါ။ ကျွန်မက စိတ်ထဲမှာ တစ်ခုခု ဆိုသူက သိနေပြီ။ ကျွန်မ နားထောင်ချင်နေ တဲ့သီချင်းဆို ပါးစပ်က မပြောရပါပဲ သူကသွားဖွင့်လိုက်ပြီ။ အဲလောက်ထိ ရင်းနှီးတာပါ။ အမေကို အကုန်လုံး ပြန်မပြောတတ် ပေမဲ့ မောင်နှမချင်း တော့အကုန် ဖွင့်ဟ တိုင်ပင်ပါတယ်။ အဖေကတော့ ငယ်ငယ်ထဲက ခဏခဏ ခွဲဘူးနေတာပါ။ အခုတော့ အလွမ်းအိမ် အိမ်နဲ.ခွဲပြီး မိုင်ထောင်ချီဝေး၊ ပင်လယ်တွေခြား နေတဲ့ နေရာမှာ၊ မိဘနဲ.လည်းဝေး၊ မိသားစုနဲ.ဝေး၊ ဆွေမျိုး အသိမိတ်ဆွေမရှိ တဲ့နေရာတစ်ခုကို စွန့်စွန့်စားစား ရွေးချယ်ခဲ့မိပြီ။ မှားပြီလားလို. တစ်ခါတစ်လေမှာ တွေးမိတယ်။ ငါတစ်ယောက်ထဲ ဖြစ်နိုင်ပါ့မလား ဆိုတဲ့ကြောက်စိတ်တွေ ၀င်မိတယ်။ ဒါပေမဲ့ ပြုတ်ကျသွားတဲ့ စိတ်ဓါတ်ကို ပြန်ကောက်တပ်ရင်း တစ်ချိန်မှာ ငါဟာငါ့မိသားစု အားကိုးရတဲ့ သူဖြစ်ရမယ် လို.စိတ်တွေကိုပြန်တင်း ရတယ်။ မဖြစ်ဖြစ်အောင် လုပ်ရမယ်။ မိသားစုကို မခွဲရက်ပေမဲ့ ရအောင်ခွဲနေ ရမယ် လို့စိတ်ထဲမှာ အကြိမ်ကြိမ် ပြောနေမိပေမဲ့လည်း ခွဲရမယ်ဆိုတာကို စဉ်းစားမိတိုင်း မျက်ရည်က လည်ချင်တယ်။ ကိစ္စမရှိဘူး ငါ့ထက်အသက် ငယ်တဲ့သူတွေတောင်၊ မိသားစုနဲ. ခွဲပြီး အဝေးမှာ နေနေကြတာပဲ။ ငါကဘာသရဲဘောကြောင် တာလဲ လို.ကိုယ့်ဟာကို ပိတ်ပိတ် ဟောက်ရတာတွေလဲ များပြီ။ ဘာပဲပြောပြော အိမ်နဲ.ဘယ်သူမှ ဘယ်ခွဲချင်ပါ့မလဲ နော်။ အားလုံးဟာလဲ အိမ်မှာပဲ အမေချက်ကျွေးတဲ့ ဟင်းလေးကိုစားပြီး မောင်နှမချင်း ရန်ဖြစ်လိုက်ကြ၊ အဖေရေ အပြင်သွားမလို. မုန့်ဖိုးလေး ဆိုပြီးတောင်းလိုက်ကြ နဲ.ကိုယ့်မိသားစု လေးနဲ.ကိုယ် ပျော်ပျော်ရွှင်ရွှင် နေချင်ကြတာ ချည်းပဲပေါ့။ မတတ်သာလို. အခုလို ခဏခွဲ လာရတဲ့ အချိန်မှာ နောင်ပြန်တွေ့ တဲ့အချိန်ကျရင် ပိုကောင်းတဲ့ ငါ၊ ပိုကောင်းတဲ့ နေရာမှာ ငါ့မိသားစု၊ ငါ့ဆွေမျိုး၊ ငါ့လူမျိုးကို မြင်ရအောင်လုပ်ချင်တယ် ဆိုတဲ့စိတ်ကလေးလဲ လူတိုင်းမှာရှိနေမှာပါ။ အဲလိုပြောလို. အလွမ်းအိမ် သိပ်ပြီးများ အတ္တကြီးသွားပြီလား မသိဘူးနော်။ အတ္တကြီးတယ် ဆိုလဲ ကျေကျေနပ်နပ် ကြီးခံလိုက်ပါ့မယ်။ အချိန်တန်တော့လဲ အိမ်ပြန်မယ့် သူတွေများပါတယ်။ အဲဒီအထဲမှာ အလွမ်းအိမ်လဲ ပါတာပေါ့။

4 comments:

ရွှေဂျမ်း said...

အဲဒီ ဖီလင်ကြီးကို နားလည်တယ် အလွမ်းအိမ်ရေ။ အားတင်းထားပါနော်။ အိမ်ပြန်ဖို့ အချိန်မတန်သေးသ၍ကတော့ တို့တွေ ဒီလိုပဲ လွမ်းနေကြရမှာပေါ့။ အားမငယ်ပါနဲ့လေ။ ဘလော့သယ်ရင်းတွေရှိတာပဲ။ :)

လင်း said...

အလွမ်းအိမ်ရေ တူတူဘဲ လင်းမှာလဲ ၄နှစ်ကွာတဲ့မောင်လေး ရှိတယ်

အေးချမ်း said...

အလွမ်းအိမ် ... ကိုယ်ချင်းစာပါတယ် ။ တစ်ချိန်ချိန်မှာတော့ ကိုယ့်မိသားစုနဲ့ကိုယ် တွေ့ရမှာပေါ့ ။ မျော်လင့်ချက်တွေ နီးသထက်နီးပါစေ ။ အေးချမ်းပါစေ ဗျာ ။ :)

P.Ti said...

အားမငယ်ပါနဲ့ အလွမ်းအိမ်။
အိမ်ထဲမှာ အလွမ်းတွေပြည့်နေရင်၊ တံခါးပေါက်လေးဖွင့်လိုက်ပါ။
အလွမ်းလေးတွေ ပျံသန်းထွက်ခွာသွားအောင်လို့။
ကျွန်တော်ကတော့ အဝေးမြေကိုရောက်နေတာ ၇ နှစ်ကြာတော့ လွမ်းရတာ အရေထူနေပါပြီ။

အလွမ်းအိမ်ရဲ့စာကို ဖတ်ပြီး ရေးချင်ရာရေးလိုက်တာ :D